ရဟန်းတော် (မော်ဒန်တောရ)

Jan 5, 2010

.

လွတ်လပ်ရေးကား ပေးခဲ့၏၊ သို့သော်...

ဒီနေ့လွတ်လပ်ရေးနေ့မှာ လွတ်လွတ်လပ်လပ်နေမယ်ကွာလို့ မနေ့ကတည်းကအားခဲ ထားခဲ့တာ။ တကယ်လဲ ရောက်လာရော တိုက်တိုက်ဆိုင်ဆိုင် ထမင်းချက်လှည့်ကျတဲ့ ရက်ဖြစ်ရော၊ တနေကုန်ချက်ရပြုတ်ရနဲ့ အားတယ်ကိုမရှိပါဘူး။

ထမင်းချက်ပြီးတော့ စာလေးတပုဒ်လောက်တော့ ရေးလိုက်ဦးမှပဲလို့တွေးပြီး ကွန်ပြူတာရှေ့ထိုင် ရေးလက်စ စာကိုကောက်ဖတ်လိုက်ပါတယ်၊ဒီစာကတွေ့လဲတွေ့ဘူးတယ်၊ကြားလဲကြားဖူးတယ်။ ဒါပေမဲ့ ဘယ်ကျမ်း စာအုပ်ထဲမှာ ပါမှန်းမသိဘူး၊လိုက်ရှာတော့လဲ မတွေ့ဘူး။


သယ်ရင်း ဆီဖုန်းဆက်မေး၊သူလဲဝိုင်းကူရှာပေးပါတယ်၊ဒါပေမဲ့ အတိအကျမတွေ့သေးဘူး၊ စာရှာ နေတာနဲ့ တစ်နေ့ခင်းကုန်သွားပါလေရော။ ဒီလကစပြီး အိမ်လခ တစ်ထောင် ထပ်တိုး မယ်ဆိုလို့ အတူငှားနေတဲ့အထဲက နှစ်ဦးက အိမ်ပြောင်းတော့မယ် လို့လာပြောလို့ ကျန် တဲ့လူတွေနဲ့ ဒီအိမ်ကြီးမှာဘယ်လိုဆက်လိမ့်ရမလဲလို့ တွေးရတာလဲ အမော၊

အရေးထဲ လျှပ်စစ်မီးက လျှော့ခ်ဖြစ်နေလို့ မီးသမားခေါ်ဖို့လုပ်ရနဲ့ ညနေခင်းမှာ ခတ်နေကျ ခြင်းလေးတောင် ခါတိုင်းနေ့တွေလို ကောင်းကောင်းမခတ်လိုက်ရဘူး။ ညပိုင်း ရောက်ပြန်တော့လဲ ကျောင်းသားဖြစ်တာ တစ်နှစ်ပြည့်ပြီမို့ မနက်ဖန် Progress Report တင်ရမယ်လို့ သတင်းရောက်လာပြန်တယ်။Report ကခြောက်လတစ်ခါတင်ရတာလေ။

မနက်ဖန်ဆရာတွေအစည်းအဝေးအမီတင်ရမယ်ဆိုပဲ။ဒါနဲ့စာရိုက်ပြီး Print ထုတ်ဖို့လုပ်ရ ပြန်ရော။ Printer က မှင်မလိုက်လို့ တော်တော်ကြိုးစားပြီးထုတ်လိုက်ရသေးတယ်။ တော်သေးတာပေါ့ ဆယ်ရွက်လောက် ထုတ် အပြီးမှာ မှင်ကလိုက်လာလို့။အခုတောင် ချက်ပြီးသားအိုးခွက်ပန်းကန်တွေ ဒီအတိုင်းထားပြီးခဏနားဦးမှပဲဆိုပြီး မြန်မာဇာတ်ကား တစ်ကားဖွင့်ကြည့်နေလိုက်တယ်၊

ဇာတ်ကားလေးပြီးမှပဲ အိုးတွေခွက်တွေဆေးမယ်ပေါ့ လေ၊ဒါပေမဲ့ မဆေးဖြစ်သေးဘူး။ ဒီနေ့အဖြစ်အပျက် လေးတွေကို မှတ်တမ်းတင်ချင်တာနဲ့ ဒီစာကို ကောက်ရေးနေမိတယ်။ဒါလေးရေးပြီးရင်တော့ ဆေးမှ ဖြစ်တော့မယ် ညဉ့်က နက်နေပြီ။

အင်တာနက် connection ကလဲ အခုမှကောင်းလာတာ၊တနေ့ကုန်မကုန်ခဲ့ ဘူး။ ဒီနေ့ (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ဟာ အလုပ်ရှုပ်ဆုံးနေ့လေး ဖြစ်နေပါလား။ လွတ်လပ်ရေးကို ပေးကားပေးခဲ့၏ သို့သော်…အခုထိမရသေး၊ဘယ်သူယူသွားပါသလဲ၊

Add to Google Reader or Homepage

Powered By blogger

 
ရဟန်းတော် (မော်ဒန်တောရ). Design by Wpthemedesigner. Converted To Blogger Template By ကုကၠိဴစု Tested by မြောက်ဒဂုံမစိုးရိမ်.